Rakhine Commision

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ

မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည့် ရခိုင်ပြည်နယ်သည် ရှည်လျား၍ ဂုဏ်ယူထိုက်သည့် သမိုင်းကြောင်းနှင့် ကြီးကျယ်ခမ်းနားသည့် ယဉ်ကျေးမှု အစဉ်အလာများရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် ရှေးယခင်က ကြီးပွားချမ်းသာသော ကုန်သွယ်ရေးအရ အချက်အခြာကျသည့် အာရှတိုက်၏ အဓိက စပါးစိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်ခဲ့သော်လည်း ယခုအချိန်အခါတွင် မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ပြည်နယ်များအနက် တစ်ခု ဖြစ်နေပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်သည် လူမျိုးရေးတင်းမာမှုနှင့် ပဋိပက္ခများ ကြီးစိုးရာဒေသ ဖြစ်နေရုံသာမက မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြင်းထန်သည့် ငြင်းခုန်မှုများ အရှိဆုံးနှင့်  ဝေဖန်စောင့်ကြည့်အခံရဆုံး ဒေသတစ်ခုဖြစ်ပါသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်မည့် အလားအလာကောင်းများကို ပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများ၏ အကျိုးနှင့် လူမှုဖူလုံရေး တို့အတွက် ထိရောက်စွာ အသုံးပြုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်အရ ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးတို့မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ဖွဲ့စည်းခဲ့ပါသည်။ ကော်မရှင်သည် မြန်မာနိုင်ငံ၏ အရေးအတွက် မြန်မာနိုင်ငံသားများကို အဓိကအခြေခံ၍ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ကော်မရှင်၏ အဓိကလုပ်ပိုင်ခွင့်နှင့် တာဝန်သည် ရခိုင်ပြည် နယ်အတွင်း ကြုံတွေ့နေရသော ရှုပ်ထွေးပွေလီသည့် စိန်ခေါ်မှုကြီးများကို စိစစ်၍ ထိုစိန်ခေါ်မှုကြီးများကို စီမံခန့်ခွဲ၊ ဖြေရှင်းနိုင်မည့် အရေးယူ ဆောင်ရွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ အကြံပြုချက် များကို ပေးရန်ဖြစ်ပါသည်။

အပြီးသတ်အစီရင်ခံစာ ဖတ်ရှုရန်

ကော်မရှင် အကြောင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့် အတူ ကိုဖီအာနန် ဖောင်ဒေးရှင်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရခိုင်ပြည်နယ်တွင်း နေထိုင်သူအားလုံး၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကြံပြုချက်များကို ကြားနေဘက်မလိုက်သော အဖွဲ့အစည်းအနေဖြင့် တင်ပြပေးနိုင်ရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ကို တည်ထောင်ခဲ့ပါသည်။ ကော်မရှင်ကို ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ကိုဖီအာနန်မှ ဥက္ကဋ္ဌ အဖြစ် ဦးစီးဆောင်ရွက်ပါသည်။

ကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်း အားလုံးတွင် နေထိုင်သူများအတွက် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခြေခံ ဝန်ဆောင်မှုများ ရရှိရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသား ဖြစ်ခွင့် ဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များ၊ အခြေခံ လူ့အခွင့်အရေးများ ရရှိခြင်းဆိုင်ရာ ဥပဒေရေးရာ ကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး အကြံပြုချက်များ ပံ့ပိုးပေးရမည်ဖြစ်ပါသည်။ ကော်မရှင်မှ ၎င်း၏ နောက်ဆုံးအဆင့် အစီရင်ခံစာနှင့် အကြံပေးချက်များကို ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် မြန်မာအစိုးရထံသို့ တင်ပြပေးအပ်သွားမည် ဖြစ်သည်။

မေးမြန်းလေ့ရှိသော မေးခွန်းများ

၁။  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အခန်းကဏ္ဍက ဘာပါလဲ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု ရှိလာစေရေးအတွက် မြန်မာ နိုင်ငံတော် အစိုးရကို အကြံပြု တင်ပြရန် ဖြစ်ပါသည်။ သို့ရာတွင် ကော်မရှင်အနေဖြင့် ရခိုင်ပြည်သူလူထု သို့မဟုတ် မြန်မာနိုင်ငံကိုယ်စား မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ဆောင်ရွက်ခြင်း မရှိပါ။ ကော်မရှင်မှ ၎င်း၏ အကြံပြုချက်များကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူလူထု၏ ရွေးကောက်ခံ ကိုယ်စားလှယ်များကသာ ကော်မရှင်၏ အစီရင်ခံစာ အကြံပြုချက်များကို မည်သို့မည်ပုံ အကောင်အထည် ဖော်မည်၊ ရှေ့ဆက်ဆောင်ရွက်မည် အစရှိသည်တို့ကို ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်သည်။

 

၂။  ကော်မရှင်က အလေးထားဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေက ဘာတွေပါလဲ။

ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးရေး၊ အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာစေရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး၊ ဒေသခံ လူ့အဖွဲ့အစည်းများ ပြန်လည်သင့်မြတ်ရေးနှင့် ပဋိပက္ခ တားဆီးကာကွယ်ရေး စသည်တို့ပါဝင်ပါသည်။ အဆိုပါကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင်အနေဖြင့် ရခိုင်ဒေသရှိ လူ့အဖွဲ့အစည်းများအကြားတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

 

၃။  ရခိုင်ကော်မရှင်ကို ဘယ်သူတွေက ငွေကြေးပံ့ပိုးပေးခဲ့ပါသလဲ။

မြန်မာနိုင်ငံ အစိုးရနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့၏ ပူးတွဲစီမံကိန်းဖြစ်သောကြောင့် အကြံပေးကော်မရှင်၏ ကုန်ကျစရိတ်များကိုလည်း အတူတကွ မျှဝေကျခံကြပါသည်။ မြန်မာအစိုးရက ကုန်ကျစရိတ်များ၏ ထိုက်သင့်သော ပမာဏတစ်ခုကို တာဝန်ယူထားပြီး ကျန်သော ကုန်ကျစရိတ်များကို ကိုဖီအာနန် ဖောင်ဒေးရှင်း၏ မိတ်ဖက်အစိုးရများမှ ကူညီပံ့ပိုးခဲ့ပါသည်။ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ လုပ်ငန်းများအတွက် ဒိန်းမတ်အစိုးရ၊ နော်ဝေအစိုးရနှင့် Swedish Postcode အဖွဲ့အစည်းတို့မှ ရန်ပုံငွေများ ပံ့ပိုးပေးခဲ့ပါသည်။

 

၄။  ဘာကြောင့် ကော်မရှင်မှာ မြန်မာနိုင်ငံသား မဟုတ်သူတွေ ပါဝင်ခဲ့ပါလဲ။

ကော်မရှင်ကို မြန်မာအစိုးရ၏ ကမ်းလှမ်းချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၉ ဦးအနက် ၆ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်း၊ မဖော်ခြင်းဆိုသည့် အချက်မှာ နိုင်ငံတော်အစိုးရမှ ဆုံးဖြတ်ရမည့် အချက်ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့ဝင်များအနေဖြင့် တခြားသောနိုင်ငံများနှင့် ဒေသများတွင် ကြုံတွေ့ခဲ့ရသည့် အလားတူစိန်ခေါ်မှုများကို အခြေပြု၍ အကြံဉာဏ်နှင့် အတွေ့အကြုံများ မျှဝေခဲ့ပါသည်။

 

၅။ ကော်မရှင်က ဘယ်သူတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့ပါသလဲ။

အကြံပြုချက်များကို ပြုစုရာတွင် ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းများနှင့် အဖွဲ့အစည်းများ အားလုံး၏ စိုးရိမ်ပူပန်မှုများကို နားထောင်ခဲ့ပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၏ လက်ရှိ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကောင်းစွာ နားလည် သဘောပေါက်ထားသူများ၊ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းများ၊ ဒေသခံအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး အကြံဉာဏ်များ ရယူခဲ့ပါသည်။

 

၆။ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ မေးခွန်းတွေအပေါ် ကော်မရှင်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

နိုင်ငံသား ဖြစ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ မေးခွန်းကိုလည်း တခြားအရေးကြီးသည့် ကိစ္စရပ်များကဲ့သို့ပင် စူးစမ်းလေ့လာခဲ့ပါသည်။ ကော်မရှင်အနေဖြင့် လူ့အဖွဲ့အစည်းအားလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့် လက်တွေ့ကျသော အကြံပြုချက်များကို တင်ပြခဲ့ပါသည်။

 

၇။  ကော်မရှင်၏ အဓိက လုပ်ငန်းတာဝန်များက ဘာတွေပါလဲ။

ကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ရွာခေါင်းဆောင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးကာ အကြံဥာဏ်များရယူ ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်လည်း တွေ့ဆုံကာ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုများ၊ နယ်စပ်လုံခြုံရေး ကဲ့သို့သော နှစ်နိုင်ငံကြား ပူးပေါင်း အဖြေရှာရမည့် ကိစ္စများကို ပိုမိုပူးပေါင်း လက်တွဲဆောင်ရွက် လာစေရန်အတွက် လိုအပ်သည်များကို ပံ့ပိုး ဆောင်ရွက် ခဲ့ပါသည်။

ကော်မရှင်နှင့် သက်ဆိုင်သော နောက်ဆုံးရ သတင်းများ