Rakhine Commision

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ မိန့်ခွန်း

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ မိန့်ခွန်း

ရန်ကုန်မြို့ - ကျွန်တော်တို့ဟာ စက်တင်ဘာလကစပြီး ရခိုင်ပြည်နယ်က လူငယ်အုပ်စုတွေ၊ ရပ်ရွာလူကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ အမျိုးသမီး အစုအဖွဲ့တွေ၊ ကျွန်တော်တို့ ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရ အဖွဲ့ဝင်များ စတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအများအပြားနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ဒေသက အသိုက်အဝန်း အသီးသီး အကြား ပြန်လည်သင့်မြတ်ရေး၊ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်နဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး လူမှုရေး ဖွံ့ဖြိုးမှုတွေကို အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်ရဲ့ ယဉ်ကျေးမှု ကြွယ်ဝလှတဲ့ ရှေးဟောင်း အမွေအနှစ်များကို ထိန်းသိမ်းဖို့နဲ့ စောင့်ရှောက်ဖို့ကိုလည်း ဆွေးနွေးဖြစ်ပါတယ်။

ဒီကိစ္စရပ်တွေကို ကျွန်တော်တို့ သမ္မတကြီးနဲ့လည်း ဆွေးနွေးခဲ့ပြီး ယနေ့ မနက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံရာမှာလည်း ဆွေးနွေးခဲ့ပါတယ်။

ဒီနေရာမှာ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ကို သတိမူနိုင်စေဖို့ ထပ်မံ သတိပေး ပြောပြလိုပါတယ်။ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်က ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး အားပေး မြှင့်တင်နိုင်ဖို့၊ ဒေသခံ အဖွဲ့အစည်းတွေ အားကောင်းစေဖို့၊ ဖွံ့ဖြိုးမှု တိုးတက် ရရှိစေဖို့၊ ပဋိပက္ခများကို ဖြေရှင်းဖို့၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ပေးဖို့ ဘယ်လိုအားပေး မြှင့်တင်နိုင်မယ် ဆိုတဲ့ နည်းလမ်းတွေကို နိုင်ငံတော် အစိုးရထံ အကြံပြုချက်များ တင်ပြပေးဖို့ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကြည့်ရင် ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေ အရေးကြီးပုံနဲ့ အဆောတလျင် ချက်ချင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း အထင်အရှား တွေ့နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်က အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ နယ်မြေဒေသတွေနဲ့ တည်ငြိမ် အေးချမ်းမှု မပျက်ပြားခဲ့တဲ့ နယ်မြေဒေသတွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်တို့ သွားရောက်ခဲ့တာကို သိရှိကြပြီးသားဖြစ်မှာပါ။ ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်တာကြောင့် အထူးစိုးရိမ်ပူပန်မှု ရှိပါတယ်။

ကျွန်တော်တို့ တွေ့ဆုံ ဆွေးနွေး ပြောဆိုခဲ့တာတွေ အားလုံးမှာ လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ လိုအပ်တဲ့ နေရာတိုင်းမှာ အရပ်သားတွေကို အမြဲတစေ အကာအကွယ်ပေးဖို့ လိုအပ်ပါကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။ လုံခြုံရေး အဖွဲ့များကိုလည်း တရားဥပဒေ စိုးမိုးရေးကို အပြည့်အဝ လိုက်နာပြီး လုပ်ငန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။ လုံခြုံရေး လုပ်ငန်းများ လုပ်ဆောင် ရခြင်းကြောင့် ပြည်သူလူထုထံ လူသားချင်း စာနာထောက်ထားရေး အကူအညီများကို အဟန့်အတား မဖြစ်စေဖို့လည်း ကျွန်တော်တို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ လူသားချင်း စာနာရေး လုပ်ငန်း အကူအညီများကို ခွင့်ပြု ပေးထားကြောင်းလည်း ကျွန်တော်တို့ကို အာမခံ ပြောပြထားပါတယ်။ အကူအညီ လိုအပ်နေတဲ့ အသိုက်အဝန်းများအားလုံး လိုအပ်တဲ့ အကူအညီကို ရရှိကြလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ လူငယ် မျိုးဆက်သစ်များနဲ့ တွေ့ဆုံရာမှာ လူငယ်တွေရဲ့ ပူးပေါင်း ဆောင်ရွက်လိုတဲ့ စိတ်ဓာတ်ကြောင့် စိတ်အားတက်မိပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းအားလုံး၊ အသက်အရွယ်အားလုံးတို့ရဲ့ လိုအပ်ချက်တွေ စိုးရိမ်ပူပန်မှုတွေကို သိရှိနိုင်ဖို့၊ နားထောင်ဖို့နဲ့ အားလုံးရဲ့ အသံကို ကိုယ်စားပြု နိုင်ဖို့ ကျွန်တော်တို့ ရှိနေပါတယ်။