Rakhine Commision

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဥက္ကဌ ကိုဖီအာနန်၏ သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဥက္ကဌ ကိုဖီအာနန်၏  သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများ အပေါ် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဥက္ကဌ ကိုဖီအာနန်၏ သဘောထားထုတ်ပြန်ချက်
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် အလွန်စိုးရိမ်မှုရှိကြောင်း ပြောကြားလို ပါတယ်။ ယခုဖြစ်ပွားလျက်ရှိတဲ့အကြမ်းဖက်မှုတွေက ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ် မှုတွေ၊ အိုးအိမ်စွန့်ခွာပြေးရှောင်မှုအသစ်တွေ တကျော့ပြန်လည်ဖြစ်ပွားနိုင်အောင် လမ်းကြောင်းပေးလျက်ရှိနေပါတယ်။ ပြည်သူလူထုအသိုင်းအဝိုင်းအားလုံးက အကြမ်းဖက် မှုမှန်သမျှကို ဆန့်ကျင်ရမှာဖြစ်ပြီး မိမိအနေနဲ့လည်း လုံခြုံရေးဆောင်ရွက်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို တရားဥပဒေနှင့်အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

မြန်မာနိုင်ငံတော်အစိုးရကနေ ကော်မရှင်အဖွဲ့ကို ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို တားဆီးပိတ်ဆို့ထားတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေ အကြံပြုပေးဖို့အတွက် တာဝန်ပေးအပ်ထားပါတယ်။ လက်ရှိ အဖြစ်အပျက် တွေက ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံးကို အကျိုးပြုမယ့်၊ ဒေသတွင်း စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အရေးတကြီး လိုအပ်နေပြီ ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြလျက်ရှိနေပါတယ်။
အကြမ်းဖက်နည်းလမ်းဖြင့် ငြိမ်းချမ်းမှုရှိတဲ့၊ စည်းလုံးညီညွတ်မှုရှိတဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ဖန်တီးနိုင်မှာမဟုတ်ပါဘူး။ ဒီလို ပတ်ဝန်းကျင်အခြေအနေကောင်းတစ်ခုကို မဖန်တီးနိုင်ဘူးဆိုရင် ရခိုင်ပြည်နယ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာဖို့၊ စည်ပင် သာယာဝပြောလာဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။

ပြည်သူလူထုအသိုင်းအဝိုင်းအားလုံးက ဂုဏ်သိက္ခာရှိရှိနှင့် မိမိတို့ ဘဝကို အကောင်းဆုံး ပုံဖော်နိုင်တဲ့ အခွင့်အရေးတွေရှိနိုင်မှသာလျှင်၊ မိမိတို့စိတ်ကူးရှိသမျှမျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်တဲ့အခွင့်အရေးတွေ ရှိနိုင်မှသာလျှင်၊ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွေရှိမှသာလျှင် ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေအားလုံးက အကောင်းဆုံးရလဒ်တွေကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ ဒါတွေကိုလည်း အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ တဆင့် ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ မိမိတို့ဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားများကို ဆက်လက် ဆောင်ရွက်နေပါတယ်။ ယခုရရှိထားတဲ့ ကူညီပံ့ပိုးမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပြီး ပြည်သူလူထုအသိုင်းအဝိုင်းအားလုံးကလည်း အပြုသဘောဆန်စွာ ကော်မရှင်နှင့်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။