၁။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အခန်းကဏ္ဍက ဘာပါလဲ။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု ရှိလာစေရေးအတွက် မြန်မာ နိုင်ငံတော် အစိုးရကို အကြံပြု တင်ပြရန် ဖြစ်ပါသည်။ သို့ရာတွင် ကော်မရှင်အနေဖြင့် ရခိုင်ပြည်သူလူထု သို့မဟုတ် မြန်မာနိုင်ငံကိုယ်စား မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ချမှတ်ဆောင်ရွက်ခြင်း မရှိပါ။ ကော်မရှင်မှ ၎င်း၏ အကြံပြုချက်များကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူလူထု၏ ရွေးကောက်ခံ ကိုယ်စားလှယ်များကသာ ကော်မရှင်၏ အစီရင်ခံစာ အကြံပြုချက်များကို မည်သို့မည်ပုံ အကောင်အထည် ဖော်မည်၊ ရှေ့ဆက်ဆောင်ရွက်မည် အစရှိသည်တို့ကို ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်သည်။
၂။ ကော်မရှင်က အလေးထားဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေက ဘာတွေပါလဲ။
ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးရေး၊ အင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာစေရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး၊ ဒေသခံ လူ့အဖွဲ့အစည်းများ ပြန်လည်သင့်မြတ်ရေးနှင့် ပဋိပက္ခ တားဆီးကာကွယ်ရေး စသည်တို့ပါဝင်ပါသည်။ အဆိုပါကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မရှင်အနေဖြင့် ရခိုင်ဒေသရှိ လူ့အဖွဲ့အစည်းများအကြားတွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၃။ ရခိုင်ကော်မရှင်ကို ဘယ်သူတွေက ငွေကြေးပံ့ပိုးပေးခဲ့ပါသလဲ။
မြန်မာနိုင်ငံ အစိုးရနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့၏ ပူးတွဲစီမံကိန်းဖြစ်သောကြောင့် အကြံပေးကော်မရှင်၏ ကုန်ကျစရိတ်များကိုလည်း အတူတကွ မျှဝေကျခံကြပါသည်။ မြန်မာအစိုးရက ကုန်ကျစရိတ်များ၏ ထိုက်သင့်သော ပမာဏတစ်ခုကို တာဝန်ယူထားပြီး ကျန်သော ကုန်ကျစရိတ်များကို ကိုဖီအာနန် ဖောင်ဒေးရှင်း၏ မိတ်ဖက်အစိုးရများမှ ကူညီပံ့ပိုးခဲ့ပါသည်။ ကိုဖီအာနန်ဖောင်ဒေးရှင်းမှ ဆောင်ရွက်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ လုပ်ငန်းများအတွက် ဒိန်းမတ်အစိုးရ၊ နော်ဝေအစိုးရနှင့် Swedish Postcode အဖွဲ့အစည်းတို့မှ ရန်ပုံငွေများ ပံ့ပိုးပေးခဲ့ပါသည်။
၄။ ဘာကြောင့် ကော်မရှင်မှာ မြန်မာနိုင်ငံသား မဟုတ်သူတွေ ပါဝင်ခဲ့ပါသလဲ။
ကော်မရှင်ကို မြန်မာအစိုးရ၏ ကမ်းလှမ်းချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၉ ဦးအနက် ၆ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။ ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်း၊ မဖော်ခြင်းဆိုသည့် အချက်မှာ နိုင်ငံတော်အစိုးရမှ ဆုံးဖြတ်ရမည့် အချက်ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့ဝင်များအနေဖြင့် တခြားသောနိုင်ငံများနှင့် ဒေသများတွင် ကြုံတွေ့ခဲ့ရသည့် အလားတူစိန်ခေါ်မှုများကို အခြေပြု၍ အကြံဉာဏ်နှင့် အတွေ့အကြုံများ မျှဝေခဲ့ပါသည်။
၅။ ကော်မရှင်က ဘယ်သူတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့ပါသလဲ။
အကြံပြုချက်များကို ပြုစုရာတွင် ကော်မရှင်အဖွဲ့ဝင်များ အနေဖြင့် သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းများနှင့် အဖွဲ့အစည်းများ အားလုံး၏ စိုးရိမ်ပူပန်မှုများကို နားထောင်ခဲ့ပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၏ လက်ရှိ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကောင်းစွာ နားလည် သဘောပေါက်ထားသူများ၊ သက်ဆိုင်ရာ လူမှုအသိုင်းအဝိုင်းများ၊ ဒေသခံအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး အကြံဉာဏ်များ ရယူခဲ့ပါသည်။
၆။ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ မေးခွန်းတွေအပေါ် ကော်မရှင်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။
နိုင်ငံသား ဖြစ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်ဆိုင်ရာ မေးခွန်းကိုလည်း တခြားအရေးကြီးသည့် ကိစ္စရပ်များကဲ့သို့ပင် စူးစမ်းလေ့လာခဲ့ပါသည်။ ကော်မရှင်အနေဖြင့် လူ့အဖွဲ့အစည်းအားလုံးအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့် လက်တွေ့ကျသော အကြံပြုချက်များကို တင်ပြခဲ့ပါသည်။
၇။ ကော်မရှင်၏ အဓိက လုပ်ငန်းတာဝန်များက ဘာတွေပါလဲ။
ကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ရွာခေါင်းဆောင်များ၊ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးကာ အကြံဥာဏ်များရယူ ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်လည်း တွေ့ဆုံကာ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုများ၊ နယ်စပ်လုံခြုံရေး ကဲ့သို့သော နှစ်နိုင်ငံကြား ပူးပေါင်း အဖြေရှာရမည့် ကိစ္စများကို ပိုမိုပူးပေါင်း လက်တွဲဆောင်ရွက် လာစေရန်အတွက် လိုအပ်သည်များကို ပံ့ပိုး ဆောင်ရွက် ခဲ့ပါသည်။