ကော်မရှင်၏ လုပ်ပိုင်ခွင့်
ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ
ကော်မရှင်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်ရှိ လူမှု အသိုင်းအဝိုင်းအားလုံး၏ ဘဝများ ဖွံ့ဖြိုး တိုးတက်လာစေရန် ဖြစ်သည်။ ကော်မရှင်၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ကော်မရှင်သည် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲပြီး ဖြေရှင်းရခက်သော ပြဿနာများအတွက် နိုင်ငံတကာစံနှုန်းများနှင့် ညီပြီး ရေရှည်ခိုင်မာသည့် အဖြေများကို မြန်မာနိုင်ငံအစိုးရအား အကြံပြုတင်ပြ ပေးရန်။ ကော်မရှင်၏ အကြံပြုချက်များတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုရရှိရေး၊ အခြေခံ လူ့အခွင့်အရေးများ ရရှိရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ လူ့အဖွဲ့အစည်းများ အကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ ပါဝင်သည်။
၂။ ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ဖြေရှင်း ရမည့် နည်းလမ်းများ အကြောင်း အကြံပြုထားသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရတို့မှ ပူးပေါင်း ထုတ်ပြန်သွားရန်။ ကော်မရှင်သည် ကြားဖြတ်အစီရင်ခံစာများနှင့် အကြံပြုချက်များကိုလည်း လိုအပ်လျှင် လိုအပ်သလို တင်ပြသွားနိုင်ပါသည်။ ကော်မရှင်၏ ကြားဖြတ်နှင့် နောက်ဆုံးအဆင့် အကြံပြုချက်များကို အကောင်အ ထည်ဖော် ဆောင်ရွက်ပြီး သည့်အချိန်တွင် ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်း အားလုံး၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး ထိခိုက်နစ်နာ လွယ်သည့် လူ့အသိုင်းအဝိုင်းများအတွက် သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိနိုင်ရန် ရည်ရွယ်ပါသည်။
၃။ ကော်မရှင်သည် အပြုသဘော ဆောင်သည့် ရလဒ်များကို ထွက်ပေါ်ရရှိစေမည့် နည်းလမ်းများကို အသုံးပြုကာ အကြံပြုချက်များ ရယူပြုစုရန်။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ အားလုံးနှင့် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးခြင်း၊ အကြံဉာဏ်များ ရယူခြင်းဖြင့် တင်းမာနေမှုများ လျော့ကျလာမည်ဖြစ်ပြီး လူ့အဖွဲ့အစည်းအားလုံးကို ဆုံဆည်းသွားစေမည့် ကြားနေရာတစ်ခုလည်း ပေါ်ပေါက်လာမည်ဖြစ်ပါသည်။