ကိုဖီအာနန်၊ ကော်မရှင် ဥက္ကဋ္ဌ




ကိုဖီအာနန်သည် ကုလသမဂ္ဂအဖွဲ့ကြီး၏ သတ္တမမြောက် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ ဝန်ထမ်းများထဲမှ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်လာသည့် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။ ၂၀၀၁ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကိုဖီအာနန်နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းကြီးတို့မှ ပူးတွဲရရှိခဲ့ပါသည်။ မစ္စတာ အာနန်သည် ကိုဖီအာနန် ဖောင်ဒေးရှင်းကို ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဦးဝင်းမြ၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်




ဦးဝင်းမြသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ဥက္ကဋ္ဌ အဖြစ် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ သူသည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၁၉၆၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ကာ ကာလရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ သူသည် ၁၉၆၇ မှ ၁၉၉၂ ခုနှစ် ကြားကာလများတွင် ဘန်ကောက်၊ ဖနွမ်ပင်၊ ပါရီတို့ရှိ သံရုံးများ၊ ဂျနီဗာနှင့် နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးများတွင် ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ယူထမ်းဆောင်ခဲ့သည်။
သူသည် ၁၉၉၃ ခုနှစ်တွင် အစ္စရေးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၉ လကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ၁၉၉၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နယူးယောက်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါကာလအတွင်းမှာပင် သူသည် ကျူးဘားနှင့် မက္ကဆီကိုနိုင်ငံဆိုင်ရာ သံအမတ်ရာထူးကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့သည်။ ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမတိုင်မီ တပ်မတော် အစိုးရလက်ထက်တွင် ဦးဝင်းမြသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် မြန်မာထိပ်တန်း ခေါင်းဆောင်များအားလုံး၏ အနီးကပ်ဘာသာပြန်အဖြစ် တာဝန်ယူခဲ့သည်။
ဒေါက်တာသာလှရွှေ၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်




ဒေါက်တာသာလှရွှေသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီး ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး အကြံပေးမှုပေါင်းများစွာ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံဆေးတက္ကသိုလ် (၂) ၏ ပါမောက္ခချုပ်အဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ၏ ပါမောက္ခဌာနမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၏ တက်ကြွအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ ယာယီသက်သေခံလက်မှတ်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ကိစ္စရပ်များ လေ့လာသုံးသပ်အကြံပြုရေးကော်မရှင်တွင်လည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
ဒေါက်တာသာလှရွှေသည် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) မှ MBBS ဘွဲ့နှင့် Preventive and Tropical Medicine ပညာရပ်တွင် ဘွဲ့လွန်ဒီပလိုမာ၊ London School of Hygiene & Tropical Medicine, UK မှ Clinical Medicine of the Tropics ပညာရပ်တွင် ဒီပလိုမာနှင့် University of Southern California, United States မှ Msc. (Education) ဘွဲ့များရရှိထားပါသည်။
ဦးအေးလွင်၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်




ဟာဂျီ ဦးအေးလွင်သည် မြန်မာနိုင်ငံ အစ္စလာမ်ဓမ္မဗိမာန်၏ အကြီးအကဲနှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့ကို တည်ထောင်သူတစ်ဦးဖြစ်ပါသည်။ သူသည် ဗဟာဒူး ရှား ဂူဗိမာန် စီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာရေးမှူး ဖြစ်သကဲ့သို့ မြန်မာနိုင်ငံတော် အစိုးရက ကမကထပြုသည့် ဟာ့ဂ်ျ ခရီးသွားအဖွဲ့၏ ခေါင်းဆောင်အဖြစ်လည်း ၁၉၈၈ ခုနှစ်တွင် ခန့်အပ်ခြင်းခံခဲ့ရပါသည်။
ဆူဖီအစဉ်အလာများကို အလွန်တရာ စိတ်ဝင်စားပြီး ခလီဖာ အဖြစ်လည်းကောင်း၊ ဝိညာဉ် နည်းပြ အဖြစ်လည်းကောင်း Qadariya Aarliya Sufi တွင် တာဝန်ထမ်းဆောင် နေပါသည်။ သူသည် အစ္စလာမ်ဘာသာနှင့် အခြားဘာသာများအကြောင်း စာအုပ်များ ရေးသားခြင်း၊ ဘာသာပြန်ဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်တွင်းပြည်ပတွင် ကျင်းပသည့် ဆွေးနွေးပွဲများတွင် စာတမ်းများဖတ်ကြားခဲ့သူ ဖြစ်ပါသည်။ သူသည် မွေးရပ်မြေ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ပဋိပက္ခ အသွင်ကူးပြောင်းရေး လုပ်ငန်းများတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်လုပ်ဆောင်နေပါသည်။ ပညာရေး လုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်သည့် ဟာဂျီ ဦးအေးလွင်သည် ကာယကြံ့ခိုင်ရေးပညာရပ်များကို သင်ကြားပေးနေပြီး ရန်ကုန်ရှိ Diplomatic School တွင် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။
ဒေါက်တာ မြသီတာ၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်




ဒေါက်တာမြသီတာသည် မြန်မာနိုင်ငံဆရာဝန်အသင်း၏ သားဖွားနှင့် မီးယပ်ပညာအဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဆေးတက္ကသိုလ်များနှင့် ဆေးရုံများတွင် မိခင်နှင့်ကလေးကျန်းမာရေး အတွက် ဆေးပညာသင်ကြားရေး ဆရာမအဖြစ်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူအဖြစ်လည်းကောင်း၊ သုသေသီအဖြစ်လည်းကောင်း နှစ်ပေါင်း ၃၃ နှစ်ကျော်ကြာ ဆောင်ရွက်ခဲ့ပါသည်။
ဒေါက်တာမြသီတာသည် ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ (၂) နှင့် မကွေးဆေးတက္ကသိုလ်ရှိ သားဖွားနှင့် မီးယပ်ပညာ ဌာနများ၏ ဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဗြိတိန်နိုင်ငံ ၊ သားဖွား မီးယပ်ပညာရှင်များ၏ တော်ဝင်တက္ကသိုလ် (Royal College of Obstetricians and Gynecologists) တွင် အဖွဲ့ဝင်ဖြစ်ပြီး၊ ၎င်းတော်ဝင်တက္ကသိုလ်၏ မိသားစုစီမံချက်နှင့် လိင်ပိုင်းဆိုင်ရာကျန်းမာရေး မဟာဌာန (Faculty of Family Planning and Sexual Health) ၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဘဏ္ဍာရေးမှူးအဖြစ်လည်းကောင်း၊ Myanmar Medical Journal of Current Medical Practice ၏ တည်းဖြတ်ဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မိခင်နှင့် မျိုးဆက်ပွားကျန်းမာရေးဌာန၏ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။
ဦးခင်မောင်လေး၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်




ဦးခင်မောင်လေးသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ ကော်မရှင်တွင် တာဝန်ထမ်းဆောင်မှု မပြုခင်က အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန၊ သုတေသနနှင့် စီမံရေးရာ ဌာနတွင် ညွှန်ကြားရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ သူ့အနေဖြင့် နိုင်ငံတကာ အလုပ်သမားရေးရာ ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ သူသည် အလုပ်သမား ဝန်ကြီးဌာနတွင် ကာလရှည် တာဝန်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းစစ်ဆေးမှူး၊ အကြီးတန်း လေ့ကျင့်ရေး အရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဒုတိယ ညွှန်ကြားရေးမှူး ရာထူးများတွင် အဆင့်ဆင့် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
ဦးခင်မောင်လေးသည် ရန်ကုန်နည်းပညာ သိပ္ပံကျောင်းတွင် အင်ဂျင်နီယာ ဘာသာရပ်ကို လေ့ကျင့်သင်ယူခဲ့ပြီး BE (Mechanical) ဘွဲ့ရရှိထားပါသည်။
ဒေါ်စောခင်တင့်၊ ပြည်တွင်း ကော်မရှင်အဖွဲ့ဝင်




ဒေါ်စောခင်တင့်သည် လက်ရှိတွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) နှင့် ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ရခိုင်အမျိုးသမီး အသင်း (ရန်ကုန်) နှင့် ရခိုင် တောင်သူ လယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့တွင် ဒုတိယဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
လူမှုအဖွဲ့အစည်းများစွာကို ဦးဆောင်လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံ ကြွယ်၀ပြီး ရခိုင်ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်း၊ ပြန်လည်ဖော်ထုတ်ခြင်း လုပ်ငန်းများတွင် တစိုတ်မတ်မတ် ပါဝင် ဆောင်ရွက်ခြင်းကြောင့် လူအများ၏ လေးစား အသိအမှတ်ပြုမှုကို ရရှိထားသူ တစ်ဦးဖြစ်ပါသည်။
သူမသည် ရခိုင်ပြည်နယ်တွင် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ရခိုင်အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးတို့အတွက် ဆောင်ရွက်ရန် အထူးစိတ်အားထက်သန်ပါသည်။ ပညာရေးတက္ကသိုလ်မှ B.Ed ဘွဲ့ရရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အထက်တန်းပြ ဆရာမအဖြစ် ၁၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဂါဆန် ဆာလမ်မေ၊ ပြည်ပ ကော်မရှင်အဖွဲ့ဝင်




ဂါဆန် ဆာလမ်မေသည် Sciences-Po (Paris)ကျောင်း၊ နိုင်ငံတကာ ဆက်ဆံရေးဌာန၏ ပါမောက္ခတစ်ဦးဖြစ်ပြီး ပါရီနိုင်ငံတကာ ရေးရာကျောင်း (PSIA) ကို ထူထောင်သူ မဟာ ဌာနမှူးကြီး ဖြစ်သည်။
သူသည် လက်ဘနွန်နိုင်ငံ အမျိုးသား အမွေအနှစ်များနှင့် အနုပညာဆိုင်ရာ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၀၀ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် သူသည် ၂၀၀၂ ခုနှစ် မတ်လတွင် ကျင်းပသည့် အာရပ်ညီလာခံ၊ ၂၀၀၂ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသည့် Francophone ညီလာခံတို့တွင် ကော်မတီ ဥက္ကဋ္ဌ နှင့် ပြောရေးဆိုခွင့်ရှိသူ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆာလမ်မေသည် အီရတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်၏ နိုင်ငံရေး အကြံပေးအဖြစ် ၂၀၀၃ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အကြီးတန်းအကြံပေးအဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ တစ်ကြိမ် ၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့သည်။
သူသည် လက်ရှိတွင် International Crisis Group ၏ ဘုတ်အဖွဲ့တွင် ဒုတိယဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ Open Society Institute ၏ ဘုတ်အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူထားသည်။ သူသည် Phenix ၊ ADELFI နှင့် Al-Idrissi ဆုများ ချီးမြှင့်ခြင်းခံထားရသည့်အပြင် Medaille of the Academie Francaise ဆုတံဆိပ်ကိုလည်း ၂၀၀၃ ခုနှစ်တွင် ပေးအပ်ချီးမြှင့်ခြင်းခံထားရသည်။ ဆာလမ်မေသည် ၂၀၀၄ ခုနှစ်တွင် Chevalier de la Legion d’honneur ဆုတံဆိပ်နှင့် ‘The Arab Cultural Personality of the Year’ ဆုတံဆိပ်များကိုလည်း ချီးမြှင့်ခြင်းခံထားရသည်။
သူသည် ပါရီတက္ကသိုလ်မှ စာပေပညာဘာသာရပ်နှင့် နိုင်ငံရေးဘာသာရပ်များတွင် PhD ပါရဂူဘွဲ့များ ရရှိထားပြီး လက်ဘနွန်နှင့် ပြင်သစ် ဥပဒေဘာသာရပ်များတွင် မဟာဘွဲ့ရရှိထားသည်။
လက်တီတီရာ ဗန်ဒန် အာဆမ်၊ ပြည်ပ ကော်မရှင်အဖွဲ့ဝင်




သံအမတ်ကြီး လက်တီတီရာ ဗန်ဒန် အာဆမ်သည် နိုင်ငံတကာရေးရာနယ်ပယ်တွင် အတွေ့အကြုံများစွာ ကြွယ်၀ပြီး နှစ်ရှည်လများစွာ သံတမန်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၂၀၁၆ ခုနစ်တွင် အငြိမ်းစားယူခဲ့ပါသည်။ သံအမတ်ကြီး ဗန်ဒန် အာဆမ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ၁၉၇၇ ခုနစ်တွင် ဝင်ရောက်ခဲ့ပြီး ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ ကိုယ်စားလှယ်အဖြစ် တန်ဇန်းနီးယားနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံတကာ အဖွဲ့အစည်းများဌာန၏ ညွှန်ကြားရေးမှူး အဖြစ် ၁၉၉၅ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
သူမ၏ ပထမဦးဆုံး သံအမတ်အလုပ်ကို ထိုင်းနိုင်ငံတွင် ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ကြာခဲ့ပါသည်။ တချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအတွက်လည်း သံအမတ်တာဝန်ယူခဲ့ရပါသည်။ သံအမတ်ကြီး ဗန်ဒန် အာဆမ် ဒုတိယတာဝန်ကျရာနေရာမှာ တောင်အာဖရိကနိုင်ငံဖြစ်ကာ ၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် တောင်အာဖရိကနိုင်ငံတွင် HIV/AIDS ရောဂါဆိုင်ရာ ကိစ္စရပ်များကို အထူးစိတ်ဝင်တစားကိုင်တွယ်ခဲ့ပါသည်။ ထို့နောက်သူမသည် ကမ္ဘာ့ကာလသားရောဂါ/အေအိုင်ဒီအက်စ် ကိစ္စရပ်များအတွက် အထူးသံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပါသည်။ သူမအနေဖြင့် နယ်သာလန်နိုင်ငံ သံအမတ်အဖြစ် ကင်ညာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ၊ မက္ကဆီကိုနိုင်ငံတွင် ၂၀၁၁ မှ ၂၀၁၂ အထိ နှင့် ဗြိတိန်နိုင်ငံတွင် ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အထိ ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သံအမတ်ကြီး ဗန်ဒန် အာဆမ်သည် အမ်စတာဒမ်တက္ကသိုလ်မှ ဥပဒေပညာရပ်ဖြင့် ဘွဲ့ရရှိထားပြီး ကိုလံဘီယာ တက္ကသိုလ် ဥပဒေ ပညာရပ်ကျောင်းမှ ဥပဒေဘာသာရပ် ဆိုင်ရာ မဟာဘွဲ့ (LL.M) ကိုလည်း ရရှိထားပါသည်။